Thursday, December 27, 2012

Computer Networking

https://dl.dropbox.com/u/94729309/networking.docx

ရေးသူ ဦးထွန်းထွန်းဝင်း (လက်ထောက်ကထိက၊ သုတနည်းပညာဌာန၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ))
 (1)
အကြောင်းအရာတွေကတော့
ကွန်ပြူတာကွန်ယက်နဲ့ လုံခြုံရေး အကြောင်ရေးမယ်တော့ စိတ်ကူးထားတာပဲ…။ ဒါပေမယ့် အရင်ဆုံးအနေနဲ့ ကွန်ပြူတာကွန်ယက်အကြောင်း အခြေခံလေးတွေကို တင်ပြပေးသွားမှာပါ…။
ပထမဦးဆုံးကတော့ အခြေခံလေးတွေနဲ့ စကြတာပေါ့ဗျာ…။ ကွန်ယက် ဒါမှ မဟုတ် ကွန်ပြူတာ ကွန်ယက် ဆိုတာ ဘာလဲ… ပေါ့..။
ကွန်ပြူတာ နက်ဝက်ဆိုတာကတော့..
အနည်းဆုံးတော့ ကွန်ပြူတာ နှစ်လုံးလိုတာပေါ့ဗျာ... အဲဒီ ကွန်ပြူတာတွေကို ကြားခံ ပစ္စည်းတစ်ခုခု နဲ့ချိတ်ဆက် ထားတာကို ခေါ်တာဗျာ...။ ..
(2)
သူ့ပုံစံအတိုင်းဆက်ရမယ်ဆိုရင်… နက်ဝက်အကြောင်းကို OSI reference model နဲ့ ပြောပြရမှာဗျ..။ ဒါပေမယ့် အဲဒီ အလွှာခုနစ်ခု OSI seven layers ကို စောစောစီးစီး ပြောပြရင် နားလည်မယ် မထင်ဘူး…။ ဒါကြောင့် ကျွန်တော် အခြေခံကျတဲ့ ကြိုးတွေနဲ့ ကြိုးသွယ်တန်းတဲ့ ပုံတွေအကြောင်းကို နည်းနည်းချင်းပြော ပြ ပေးသွားပါ့မယ်…။
ခေါင်းစဉ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ Cabling and Topology လို့ပြောရမှာပါပဲ….။ အရင်ဦးဆုံးက တော့ topology ဆိုတာ ဘာလဲ ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်…။ အရင်ကတော့ ကွန်ပြူတာများရဲ့ စီစဉ်နေရာ ချထားတဲ့ ပုံကို တိုပိုလိုဂျီ လို့ခေါ်ခဲ့တယ်ဗျ..။ နောက်ပိုင်းတော့ ပိုပြီး ကောင်းတဲ့ ဖွင့်ဆိုချက်တွေ ရှိ လာတယ်…။ ကွန်ပြူတာတွေကို တူတူ ချိတ်ဆက် ဆက်သွယ်တဲ့ နည်းလမ်းတွေကို ခေါ်တယ်လို့ ဆိုပြန်တယ်။ ကျွန်တော့်အမြင်အရ ပြောရရင်တော့ ကြိုးသွယ်တန်းတဲ့ ပုံစံ အမျိုးမျိုးကို ခေါ်တယ်လို့ပဲ မှတ်စေချင်တယ်…။ သိပြီးသားတွေ ဖြစ်နေမှာပါ… Star,Ring,Bus စတာတွေက ကွန်ပြူတာတွေကို ချိတ်ဆက်တဲ့ တိုပိုလိုဂျီတွေပဲ လေ…။ သူတို့ရဲ့ ပုံစံတွေကိုတော့ ကျွန်တော် ထူးပြီးရှင်းမပြတော့ပါဘူး။ သိချင်ရင် google ကိုသုံးပြီး ရှာကြည့် နိုင်ပါတယ်…။
တချို့အကြောင်းအရာတွေကိုတော့ ကျွန်တော် ရှည်ရှည်ဝေးဝေးတွေ ရှင်းမပြတော့ပါဘူး…။ ဒါပေမယ့် သိထားမှကို ဖြစ်မယ့် အကြောင်းအရာတွေကိုတော့ ပြောပြပေးသွားမှာပါ…။ ကွန်ပြူတာ တစ်လုံးကနေ ကြိုးတစ်ချောင်းထွက် ပြီး နောက်ကွန်ပြူတာ တစ်လုံးကို ဆက်သွား …အဲဒီလိုပုံစံမျိုး..ဒါမှမဟုတ် မီးရထား တွဲ တွေလို ဆက်သွားတဲ့ ပုံစံက bus တဲ့..။ နောက်တစ်ခုက ကွင်းတစ်ခုပုံစံဖြစ်အောင် ကွန်ပြူတာတွေကို ချိတ် ထားရင် အဲဒါ Ring topology လို့ခေါ်တာပဲ…။ အဲဒီနှစ်ခုကတော့ မသိမဖြစ်အခြေခံတွေပါ…။ ရေးရင်းနဲ့ ပုံနဲ့ တကွ ပြောမှ ရမယ့်အနေအထားတွေဖြစ်လာပြန်တယ်…။ ကဲ ကြည့်ဗျာ…။ bus network ရဲ့ အဆုံးနှစ်ဖက်မှာ termination ဆိုတဲ့ကိစ္စကိုလုပ်ပေးရတယ်…။ အဲဒါလုပ်ဖို့အတွက် terminator တွေတပ်ပေးရတယ်။ ကွန်ပြူ တာတစ်လုံး ဒေတာ ပို့မယ်ဆိုရင် နှစ်ဘက်လုံးကို ဒေတာက သွားတယ်ဗျ။ ဥပမာဗျာ…ကွန်ပြူတာ လေးလုံးဆို ပါတော့ A,B,C နဲ့ D ဆိုတဲ့ ကွန်ပြူတာတွေဗျာ..။ သူတို့ကို ဒီအစီအစဉ်အတိုင်း bus topology နဲ့ ချိတ်ထားတယ် ကွန်ပြူတာ C က A ဆီကို ပို့ချင်တာ…။ဒါပေမယ့် A ဘယ်ဘက်မှာ ရှိမှန်း မသိဘူး…။ခင်ဗျားက တော့ မြင်တာပေါ့…။ A ဟာ C ရဲ့ ဘယ်ဘက်မှာ(left side) မှာ ရှိတယ်ဆိုတာမြင်တယ်လေ..။ သူတို့ကတော့ မသိရှာဘူး ဒါနဲ့ သေချာအောင်ဆိုပြီး ပို့ရင် နှစ်ဘက်လုံးကို ပို့တယ်..။အဲဒါ ထုံးစံပေါ့…။ ကွန်ပြူတာ C က ဘယ်ဘက်ရော ညာဘက်ပါ ဒေတာပို့လွှတ်လိုက်တယ်…။ ညာဘက်သွားတဲ့ ဒေတာက သူပို့ချင်တဲ့ဆီ မ ရောက်တော့ဘူးလေ..။ အဲဒီဘက်မှာ သူပို့ချင်တဲ့ ကွန်ပြူတာမှ မရှိတာ..။ ဘယ်ဘက်သွားတဲ့ ဒေတာကတော့ သူပို့ချင်တဲ့ဆီ ရောက်တယ်ဗျာ..။ ဒါပေမယ့် ရောက်ရောက်(ဘယ်ဘက်) မရောက်ရောက်(ညာဘက်) ဒေတာ က ကြိုးအဆုံးထိ ဆက်သွားတယ်ဗျ…။ ကြိုးအဆုံးရောက်ရင် ပြဿနာတက်ပြီ…။ကြိုးအဆုံးရောက်ရင် အဲဒီ ဒေတာက ပြန်ကန်လာတယ်ဗျ…။ သိတဲ့ အတိုင်းပဲ ဒေတာဆိုတာ လျှပ်စစ်စီးကြောင်းလေ…။ အဲဒီလျှပ်စီး ကြောင်း ဒေတာက ပြန်ကန်ထွက်လာတော့ တခြားကွန်ပြူတာတွေက ပို့တဲ့ ဒေတာ လျှပ်စီးကြောင်းတွေနဲ့ တိုက်ကုန်ရော…။အဲလို မဖြစ်စေချင်တော့ termination ဆိုတာ လုပ်ပေးရတော့တာပေါ့…။ termination လုပ်တယ် terminator တပ်တယ် ဆိုလို့ ထူးထူးဆန်းဆန်းသွားထင်မနေနဲ့ဦး…။ အဆုံးမှာ resistor ဆိုတာ ကိုတပ်ထားလိုက်တာပဲ…။ အခြေခံလေးတွေပေါ့ဗျာ…စီးလာတာက လျှပ်စစ် ဘာမှ မလုပ်ပဲထားရင် ပြန်ကန် ထွက်မယ်…reflection ဖြစ်မယ်…။အဲလိုမဖြစ်အောင် resistor က စုပ်ယူထားလိုက်မယ်…။ ဒါပါပဲ…။ ဒါဆိုရင် ဆက်စပ်ပြီး စဉ်းစားကြည့်လိုက်လို့ရတယ်…။တကယ်လို့ ကြိုးတစ်နေရာရာမှာ ပြတ်သွားရင် ဘာဖြစ်မလဲ။ ကြိုးပြတ်ရင်တော့ လျှပ်စစ်ကိုစုပ်ယူတဲ့ လုပ်ငန်းမလုပ်နိုင်တော့လို့ ဒေတာပြန်ကန်ပြီး တိုက်မယ်ဗျာ..။ အဲဒီ တော့ နက်ဝက်တစ်ခုလုံး သုံးမရတော့ဘူးပေါ့…။ဒါပါပဲ…။
ကျွန်တော်ရေးရင်းနဲ့ စဉ်းစားမိတာက ရေးထားတာတွေက အခုမှ စပြီးလေ့လာမယ့်သူတွေအတွက် အဆင်ပြေချင်မှ ပြေမယ်ဗျ..။ ဒါပေမယ့် ကျွန်တော်အဓိက ထားဦးတည်ထားတာက နက်ဝက်ကို ကျောင်းမှာ သင်မယ့် ဆရာ ဆရာမတွေနဲ့ အလွတ်သဘော လေ့လာမယ့်သူတွေကို ဦးတည်ထားလိုက်ပါမယ်…။ ဒီခေါင်း စဉ်ဆိုတာကလည်း သိတဲ့ လူတော်တော်များများ ရှိပါတယ်…။ကျွန်တော့်ထက်သိတဲ့ တတ်တဲ့ သူတွေလည်း အများကြီးဆိုတာ သိပါတယ်…။ သို့ပေမယ့်လည်း.. ကျွန်တော့်ထင်မြင်ယူဆချက်များနဲ့ ကျွန်တော် နားလည် သဘောပေါက်ထားပုံလေးတွေကို တတ်နိုင်သလောက်ရှင်းပြပေးတာ ပါ…။ နောက်ပြီး ကျောင်းတွေမှာ ကျက် စာဆိုပြီး သိပ်ပြီးတော့ အလေးမထားကြဘူးလေ…။ ဒါကြောင့် သင်မယ်ဆိုရင် ဘယ်လို ချဉ်းကပ်ပုံတွေကို သုံး သင့်တယ်ဆိုတာတွေကို ဇောင်းပေးပြီး တတ်နိုင်သလောက် ပြောပြပေးသွားမှာပါ…။ ရေးရင်းနဲ့ မဆိုင်တာတွေ တော်တော်များများ ရောက်ကုန်ပါပြီ…။
ကဲ ဆက်ပါဦးမယ်…။ အခုမျက်မှောက်ခေတ်ကာလ မှာ အသုံးအများဆုံးကတော့ star topology ဆိုတဲ့ နည်းပါပဲ…။ သူ့မှာတော့ ပစ္စည်းလေးတစ်ခု ပိုလာပါတယ်…။ ကွန်ပြူတာတွေအားလုံးက အလယ်ဗဟို မှာ ရှိတဲ့ ပစ္စည်းလေး ကို သွားပြီး ချိတ်ထားရပါတယ်…။ အဲဒီအလယ်က ပစ္စည်းလေးကတော့ switch သို့ မဟုတ် hub ဆိုတဲ့ပစ္စည်းလေးပါ…။ အဲဒီအလယ်ဗဟိုကို သွားချိတ်ဆက်နေလို့ star topology လို့ခေါ် လိုက် တာပါပဲ…။ အမြင်အားဖြင့်တော့ ကြယ်ပုံစံ စတားပေါ့ဗျာ..။ အမှန်တကယ် အလုပ်လုပ်နေတာက သူ့အထဲမှာ bus or ring နဲ့ အလုပ်လုပ်နေနိုင်ပါတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင်တော့ အလယ်က switch ကို ပုံကြီးချဲ့ ဆွဲပြလိုက်ဗျာ…။ ဒီလို…ကွန်ပြူတာတွေ အကုန်ကတော့ အဲဒီ switch ကို ချိတ်နေတယ်…။ အဲဒီတော့ အမြင်အရ star ဒါမှ မဟုတ် physically star, အထဲမှာတော့ ဒေတာက bus လိုသွားမယ်…။ အဲလောက်ပြောပြ ရင် သိနိုင်မယ်ထင်တယ်…။ မသိနိုင်သေးရင်လည်းမေးဗျာ…။ နည်းလမ်းထပ်ရှာပြီး ပြောပြမယ်…။
ဆက်ပြီးသွားပါဦးမယ်…။ Cabling ဆိုတဲ့ကြိုးတွေ အကြောင်းပေါ့..။ ကြိုးက နှစ်မျိုးဗျာ…။ copper နဲ့ရယ် fiber optic ဆိုတဲ့ အလင်းနဲ့ သွားတဲ့ ကြိုးရယ်ဆိုပြီး နှစ်မျိုးပေါ့..။ copper နဲ့ လုပ်တဲ့ ကြိုးထဲမှာတော့ နှစ်မျိုးပြန်ရှိပြန်တယ်…။ coaxial ရယ် twisted pair။ fiber optic နဲ့ပေါင်းတော့ အားလုံးသုံးမျိုးပေါ့…။ ဦးဆုံးအနေနဲ့ Coaxial ကို ပြောမယ်…။ ပုံကို ကြည့်လိုက်ပေါ့…သူ့မှာပါတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ center wire, insulation, braided metal shield, jacket တို့အားလုံး ဘုံ axis တစ်ခုပေါ်မှာ ရှိနေတဲ့ အတွက် common axial wire, ဒါမှမဟုတ် coaxial cable လို့ခေါ်တာဗျာ…။ အပြင်မှာ မြင်ဖူးချင်ရင် အိုင်ပီစတား အင် တာနက်က ကြိုးမဲမဲ နှစ်ချောင်းသာ ပြေးကြည့်ပေတော့…။ နောက်နီးစပ်တာ တစ်ခုက တီဗွီအင်တာနာကြိုးကို ဒါးနဲ့သာခုတ်ဖြတ်ပြီး cross section ကို ကြည့်ပေတော့…။ အဲဒီမှာ EMI ဆိုတဲ့ electro magnetic interference ဆိုတာကို သိပြီး ဖြစ်မယ်ထင်တယ်…။ မသိသေးရင် ကျောင်းသားများက အောက်တစ်တန်းက Data communication ဘာသာမှာပါတယ်…။အဲဒါမဖြစ်အောင်လို့ braided metal shield ဆိုတာကြီးကို ထည့်ထားတာပဲ…။ အဲဒါပါတဲ့ အတွက် လျှပ်စစ်သံလိုက် ကြောင့်ဖြစ်တဲ့ ကြားဝင်နှောက်ယှက်မှု EMI လျော့ နည်းတယ်ဗျာ…။ တွဲသုံးတဲ့ connector ကတော့ BNC တို့ vampire connector တို့ သုံးကြတယ်…။ အသုံးများတာကတော့ F-type connector တဲ့..။ အိုင်ပီစတားမှာ သွားကြည့်လိုက် အဲဒါ F-type ပဲ..။
နောက်တစ်မျိုးက twisted pair.. အဲဒီမှာလည်း နှစ်မျိုးရှိပြန်တယ် shielded and unshielded တဲ့..။ အများသုံး အသုံးများတာက အကာမပါတဲ့ unshielded…။ သူ့နာမည်အတိုင်းပဲ ကြိုးထဲမှာ ကြိုးငယ်လေး ရှစ် ချောင်းပါတယ်…။ အရောင်လေးတွေနဲ့…။ အဲဒီကြိုးငယ်လေး(ကြိုးသားလေး) ရှစ်ချောင်းက နှစ်ချောင်းစီ လိမ် ထားတယ်လေ…။အဲဒါကြောင့် အဲလိုခေါ်တာပေါ့…(twisted pair) လို့..။ ဘဇာကြောင့် လိမ်ထားတာလဲ မေးရင် crosstalk နည်းအောင် လိမ်ထားတယ်ပြောတာပဲ..။ အလိမ်များလေလေ crosstalk နည်းလေလေ ဆိုပဲ။
(3)
ဒီနေ့တော့ ကြိုးတွေအကြောင်းထပ်ပြီးဆက်ပါဦးမယ်…။ ကြိုးလိမ်က နှစ်မျိုးရှိတယ်..။ အကာပါတာနဲ့ မပါတာ..။ အကာပါတဲ့ shielded twisted pair က EMI ကိုပိုပြီးခံနိုင်ရည် ရှိတယ်…။နောက်ပြီး ပိုပြီးကောင်းတယ်ပေါ့ဗျာ။ အကာမပါတဲ့ unshielded twisted pair (UTP) ကတော့ အသုံးအများဆုံး အတွေ့ရအများဆုံးဖြစ်ပါလိမ့်မယ်…။ ကွာခြားတာကတော့ သူက ပိုပြီး ဈေးချိုတယ်၊ပျော့ပျော့ပျောင်းပျောင်း ရှိတယ်။ ဒါပါပဲ။ နောက်တစ်မျိုးကတော့ အလင်းကို အခြေခံထားတဲ့ fibre optic ကြိုးပါပဲ။ သူကတော့ ဈေးကြီးတယ်။ မြန်မြန်ဆန်ဆန်ပို့လို့ရတယ် ဆိုတဲ့အားသာချက် ရှိတယ်ပေါ့။
Institute of Electrical and Electronics Engineers (IEEE) လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်ဗျ။ အဲဒီအဖွဲ့အစည်းက နည်းပညာနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေကို သတ်မှတ်ပြဌာန်းပေးလေ့ရှိတယ်ဗျ။ အဲဒီမှာ ပြောစရာ တစ်ခုရှိပါတယ်..။ မေးမယ်ဗျာ..ဘာကြောင့် စံသတ်မှတ်ရသလဲပေါ့..။ standard တွေကို သတ်မှတ်တယ်ပေါ့..။ဘာကြောင့်လဲ…။ ဥပမာဗျာ…ကြိုးတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေအများကြီးဗျာ…ဒီ(UTP) ဆိုတဲ့ ကြိုးကိုပဲ နိုင်ငံပေါင်းစုံက ထုတ်ချင်တဲ့ သူက ထုတ်လုပ်ကြတယ်ဗျာ..။ တကယ်လို့ စံသတ်မှတ်ချက်မရှိဘူးဆိုရင် ဒုက္ခတွေ ရောက်ကုန်ရတယ်ဗျ..။ အဲဒါကို ဖြေရှင်းနိုင်ဖို့ အဲဒီ(IEEE) အဖွဲ့အစည်းကနေပြီး စံတွေကို သတ်မှတ်ပေးထားတယ်ဗျ..။ နက်ဝက်တွေပေါ်မှာ မူတည်ပြီးတော့ပေါ့.။ နက်ဝက်မှာသုံးတဲ့ frame အရွယ်အစား၊အမြန်နှုန်း၊ဘယ်လောက်အကွာအဝေးထိ ချိတ်ဆက်လို့ရခြင်း စတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး standard တွေသတ်မှတ်ထားတယ်ဗျ.။ bus topology ကိုသုံးတဲ့ နက်ဝက်များကို အခြေခံအားဖြင့် IEEE 802.3 Ethernet လို့ခေါ်လိုက်တယ်ပေါ့..။ နောက်ပြီး ring ပုံစံချိတ်ထားတဲ့ token passing နည်းကို သုံးတဲ့ နက်ဝက်တွေကို IEEE 802.5 လို့ခေါ်လိုက်တာပါပဲ..။ ၀ိုင်ယာလက် အတွက်က IEEE 802.11 ပေါ့.။ 1980 ဖေဖော်ဝါရီလမှာ သတ်မှတ်ခဲ့တဲ့ standard တွေမို့လို့ 802 နဲ့စတာဗျာ..။ နောက်ကဂဏန်းတွေကတော့ နက်ဝက်နည်းပညာပေါ်မူတည်ပြီး ကွာခြားသွားတာပါပဲ။
ဒီနေ့ ဆက်ပြီး ပြောပြပေးမှာကတော့ (Ethernet) ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာရှိတဲ့ ကွန်ပြူတာနက်ဝက်တွေမှာ အသုံးအများဆုံးကတော့ အခုပြောမယ့် အီသာနက် ဖြစ်ပါတယ်။ ဒါကို မသိထားခင်မှာ ရှေးဦးစွာ networking standard များကို သိထားရမှာပါ။ လွယ်လွယ်ကူကူ နားလည်ဖို့ ပြောပြရမယ်ဆိုပါက ကြိုးတွေပေါ်မှာ ဒေတာတွေကို ဘယ်ပုံဘယ်နည်းနဲ့ ပို့မယ်၊ ပို့မယ့်ကွန်ပြူတာနဲ့ လက်ခံမယ့် ကွန်ပြူတာတွေကို ဘယ်လို သတ်မှတ်(identify) လုပ်မယ်၊ နောက်ပြီး ကြိုးကို ဘယ်အချိန်မှာ ဘယ်ကွန်ပြူတာက သုံးခွင့်ရှိမယ်ဆိုတဲ့ အကြောင်းအရာတွေကို စံတစ်ခု အနေနဲ့ သတ်မှတ်ပေးထားရပါမယ်။ အဲဒီလို သတ်မှတ်ထားတဲ့ စံတွေထဲက တစ်ခုက အခုပြောမယ့် အီသာနက်ဆိုတဲ့ စံပါ။ အဲဒီမှာ တစ်ခုတော့ ပြောစရာ ရှိပါတယ်။ နက်ဝက်ပေါ်မှာ ကြိုးတွေကို shared transmission medium အနေနဲ့ အသုံးပြုကြပါတယ်။ ကြားခံအဖြစ်အသုံးပြုတဲ့ ကြိုး ဒါမှမဟုတ် ချိတ်ဆက်ဖို့ အတွက် သုံးတဲ့ ကြိုးတွေကို ကွန်ပြူတာတွေက အတူတကွ share လုပ်ပြီးသုံးတာပါ။ ဒါကြောင့်မို့ ကြိုးတွေကို ဘယ်အချိန်မှာ ဘယ်ကွန်ပြူတာက သုံးခွင့်ရှိမယ် ဆိုတဲ့ အချက်ကလည်း တစ်ခု အပါအ၀င်ဖြစ်နေရတာပါ။ အဲဒါတွေအတွက် အီသာနက် နက်ဝက်မှာ MAC address တွေကို သုံးပြီး ကွန်ပြူတာတွေကို identify လုပ်ခြင်း သို့မဟုတ် နာမည်ပေးခြင်းကို လုပ်ပါမယ်။ ဒေတာတွေကို ပို့မယ်ဆိုရင်လည်း အများကြီး အစုလိုက်အပုံလိုက်မပို့ပဲ အပိုင်းပိုင်းလေးတွေခွဲပြီး ပို့ပါတယ်။ အဲ့လိုပို့မယ့် အပိုင်းလေးတွေထဲမှာ ကိုယ်ပို့ချင်တဲ့ ကွန်ပြူတာရဲ့ MAC address ဆိုတာထည့်ထားပါမယ်။ နောက်ပြီး ဘယ်ကွန်ပြူတာက ဘယ်အချိန်မှာ ဒေတာ ပို့ခွင့် ရှိမလဲ or ဘယ်အချိန်မှာ ကြိုးကို သုံးခွင့်ရမလဲ ဆိုတာကိုတော့ CSMA/CD ဆိုတဲ့ နည်းလမ်းကို သုံးပါတယ်ခင်ဗျ.။
ဒီနေရာမှာ နည်းနည်းထပ်ပြီး ကွန့်ချင်ပါသေးတယ်။ ကွန်ပြူတာတွေ နက်ဝက်ချိတ်မယ်ဆိုရင် သူတို့အားလုံးက မီဒီယာလို့ခေါ်တဲ့ နက်ဝက်ကြိုးကို တူတူတွဲပြီး သုံးကြရပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် shared transmission medium လို့ပဲ ပြောခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ဒီ transmission media တွေရဲ့ သဘောကိုလည်း သိထားသင့်ပါသေးတယ်။ ကြိုးတွေဟာ တစ်ကြိမ်မှာ ဒေတာ တစ်ခုတည်းသာ သွားနိုင်တဲ့ baseband အမျိုးအစားတွေပါ။ ဒါကြောင့်မို့လို့လည်း နက်ဝက်ပေါ်မှာ ကွန်ပြူတာ တစ်လုံးဒေတာ ပို့လွှတ်နေတဲ့အချိန်မှာ ကျန်တဲ့ ကွန်ပြူတာတွေအနေနဲ့ ကြိုးအားအောင် ထိုင်စောင့်နေရမယ့် အနေအထားပါ။
ကွန်ပြူတာတွေ အနေနဲ့ နက်ဝက်ကို ဘာကြောင့် ချိတ်ကြပါသလဲပေါ့။ ဟုတ်ကဲ့ နက်ဝက်ကို အသုံးချပြီး ဒေတာတွေကို ပေးချင် ယူချင်လို့ပါ။ ဒါဆိုရင် ဥပမာ တစ်ခုဗျာ ကွန်ပြူတာ ငါးလုံးချိတ်ထားတယ်။ ငါးလုံးထဲက တစ်လုံးက သူပဲ ဒေတာပို့မယ် ကျန်တဲ့သူတွေ သူပြီးမှ ပို့ဆိုပြီး ဆရာကြီးလုပ်ထားမယ်ဗျာ။ နောက်တစ်မျိုးပြောရရင် သူပဲ နက်ဝက်ပေါ်က ကြိုးကို မောင်ပိုင်စီး(monopolize) လုပ်ထားတယ်ပေါ့။ ဒါဆိုရင်လည်း ကျန်တဲ့ ကွန်ပြူတာတွေခင်ဗျာ ချိတ်သာချိတ်ထားရတယ် အပို့အယူလုပ်လို့ကို မရဘူးဖြစ်နေမှာပေါ့။ ဒါမျိုးမဖြစ်အောင်လည်း နက်ဝက်ကို စတီထွင်တဲ့ သူတွေက စဉ်းစားခဲ့ကြရပါတယ်။ ဒါကြောင့်မို့ပဲ ဒေတာပေးပို့ခြင်းကို အစုလိုက်ပို့ခြင်းမလုပ်ပဲ အပိုင်းငယ်များ ပိုင်းပြီးပေးပို့ခြင်းပုံစံနဲ့ သုံးခဲ့ပါတယ်။ အဲဒီလို အပိုင်းတွေကို frame လို့ခေါ်တာပါ။ ရှိသမျှဒေတာ မကုန်မချင်းပို့ဆိုတဲ့နည်းကို မသုံးပဲ frame လေးများခွဲပြီး ကွန်ပြူတာ တစ်လုံးချင်းအနေနဲ့ frame သုံးခုစီအလှည့်ကျ ပို့ခွင့်ပေးတဲ့ ပုံစံမျိုးကိုသုံးထားပါတယ်။ တခြားကွန်ပြူတာတွေက မပို့ချင်ဘူးဆိုရင်တော့ ဆက်တိုက်တစ်ယောက်တည်းပို့ ပေါ့ဗျာ။
နောက်ပြဿနာတစ်ခုက ကွန်ပြူတာတွေကို ဘယ်လို ခွဲခြားသတ်မှတ်ထားမလဲ ဆိုတဲ့ပြဿနာပါ။ သတ်သတ်မှတ်မှတ် နာမည်မပေးထားရင် ဘယ်လိုများ ဆက်သွယ်လို့ ရမလဲလေဗျာ။ အဲဒီတော့ ကွန်ပြူတာတွေကို နာမည်တော့ ပေးထားမယ်ပေါ့။ အဲဒီနာမည်တွေနဲ့ အပို့အယူလုပ်မယ်ဗျာ။ ကွန်ပြူတာတွေကိုတော့ နာမည်ထက် လိပ်စာပေးတာ ပိုပြီးအဆင်ပြေပါတယ်။ ဒါကြောင့် သူတို့ကို လိပ်စာလေးတွေပေးပါတယ်။ MAC address တဲ့။ ခုနတုန်းက ပြောထားတဲ့ frame တွေထဲမှာ အခုပြောတဲ့ လိပ်စာလေးတွေထည့်ပေးလိုက်မယ်ဗျာ။ ပို့ချင်တဲ့ ကွန်ပြူတာရဲ့ လိပ်စာရယ် ပို့တဲ့ကွန်ပြူတာလိပ်စာရယ် ကိုယ်ပို့ချင်တဲ့ ဒေတာရယ် ရေးထည့်လိုက်မှာပေါ့။ ကျွန်တော်တို့ခေတ်တုန်းက ကောင်မလေးတွေကို ရည်းစားစာ ပေးသလိုပေါ့ဗျာ..။ ဟုတ်တယ်ဟုတ်…။ ကိုယ်ပေးချင်တဲ့ ကောင်မလေးနာမည်ရယ် ကိုယ့်နာမည်ရယ် ကိုယ်ရေးထားတဲ့ စာရယ် ရေးပေးလိုက်ရမယ်ပေါ့ဗျာ…။ ကိုယ့်နာမည် ကိုယ့်လိပ်စာကလည်း လိုသေးတယ်မဟုတ်လားဗျ…။ ကောင်မလေးက ပြန်ကြိုက်ချင်လို့မှ ဘယ်သူ့ကို ပြန်ကြိုက်ရမှန်း မသိမှာစိုးလို့လေ…။ အဲလိုပဲ ကွန်ပြူတာကလည်း အပြန်အလှန်စာပို့ချင်ရင် သူ့ဆီပို့တဲ့ ကွန်ပြူတာရဲ့ လိပ်စာလိုတယ်မဟုတ်လားဗျ…။
မီဒီယာလို့ခေါ်တဲ့ နက်ဝက်ကြိုးကို တစ်ကြိမ်မှာ တစ်ယောက်တည်း သုံးနိုင်တယ်လို့ ပြောထားတယ်မဟုတ်လားဗျ။ အဲဒီတော့ ကြိုးကို ဘယ်သူက အရင်စသုံးမလဲ။ ရှိတာမှ ဒီကြိုးလေးတစ်ချောင်းတည်း(မီဒီယာက ဒီတစ်ခုတည်းလို့ပြောတာနော်) ဟိုလူကလည်းပို့ချင် ဒီလူကလည်းပို့ချင်လေ။ အဲဒါကို ဖြေရှင်းဖို့ ဒီလိုလုပ်မယ်ဗျာ….။ ပို့ချင်တဲ့ ကွန်ပြူတာက အရင်ဆုံး ကြိုးပေါ်ကို လှမ်းကြည့်လိုက် သူများ ပို့နေတယ်ဆိုရင် ပို့လို့မရသေးဘူး စောင့်လိုက်ဦး။ ကြိုးအားသွားပြီဆိုရင် ပို့ပေတော့ frame တွေကို..ကိုယ့် quota ကုန်ပြီဆိုရင် သူများကို အလှည့်ပေးလိုက်…။အဲဒါကို Carrier Sense Multiple Access (CSMA) လို့ခေါ်တယ်။ ကြိုးဆိုတာ ဒေတာသယ်သွားတဲ့ carrier လေ။ လှမ်းကြည့်တယ်ဆိုတာ sense လုပ်တာပဲ။ အမှန်ကတော့ လှမ်းမကြည့်နိုင်ပါ။ ကြိုးပေါ်သွားတာ လျှပ်စစ်စီးကြောင်းတွေကို ဒေတာအဖြစ်သွားတာ ဖြစ်တဲ့ အတွက် ကြိုးပေါ်မှာ current စီးမစီးကိုသာ sense လုပ်ခြင်းဖြစ်ပါတယ်။ ဒီကြိုးကိုပဲ ချိတ်ထားတာက ကွန်ပြူတာတွေအများကြီးဖြစ်တဲ့ အတွက် multiple access လို့ခေါ်တာပါ။ တခါတလေမှာပေါ့ ကွန်ပြူတာနှစ်လုံးက တပြိုင်တည်းကြိုးကို စမ်းကြည့်တော့ ကြိုးကအားနေတာ တွေ့…ဒါနဲ့ပဲ ၀မ်းသာအားရ ဒေတာတွေပို့ကြရော….။ မြင်ကြည့်လိုက်ဗျာ… ကွန်ပြူတာငါးလုံး(A,B,C,Dနဲ့E)ပေါ့ဗျာ…။ A ကလည်းအားတယ်ဆိုပြီးပို့ E ကလည်းအားတယ်ဆိုပြီး တပြိုင်တည်းပို့တယ်ဗျာ…။ ကဲ တိုက်ကြရောဗျာ…။ collision ဖြစ်တယ်ပေါ့။ တိုက်ရင် အဲဒီကွန်ပြူတာတွေက သိတယ်ဗျ။ လျှပ်စစ်ဓာတ်တွေ တိုက်တာကိုး…။ကြိုးပေါ်မှာ လျှပ်စစ်ဓာတ်အား လိုတာထက်ပိုပြီးများနေပြီဆိုရင် (data collision)ဖြစ်လို့ ဒေတာတွေတိုက်လို့များတာဆိုတာကို အဲဒီပို့တဲ့ ကွန်ပြူတာတွေကို ချက်ချင်းသိတယ်ဗျ…။ သိသိချင်းပဲ သူတို့ပို့နေတာကို ရပ်..နောက်ခဏလေးစောင့်ကြတယ်..။ စောင့်တဲ့ အချိန်ကတော့ random ပေါ့။ နောက်ပြီးမှ ဒေတာ ပြန်ပို့တဲ့ လုပ်ငန်းကို အစကနေပြန်စကြတယ်..။အဲဒါကိုတော့ collision detection လို့ခေါ်တယ်လေ..။ အဲဒါ CSMA/CD ဆိုတာပေါ့…။
အခုလောလောဆည် အချက်အလက်တွေအရ ဆိုရင်တော့ အီသာနက်ဆိုတဲ့ စံက MAC address ကိုသုံးပြီး CSMA/CD ဆိုတဲ့ ဒေတာ အပို့အယူလုပ်တဲ့ နည်းကို သုံးပါတယ်လို့ ကောက်ချက်ချနိုင်ပါတယ်…။
(4)
အီသာနက်မှာ သုံးတဲ့ တိုပိုလိုဂျီ (topology) ကတော့ (bus topology) ပဲဖြစ်ပါတယ်။ အရင်တုန်းကတော့ ရိုးရိုးသာမန် bus ကို သုံးခဲ့တာပါ။ နောက်ပိုင်းမှာတော့ hub ဆိုတဲ့ ပစ္စည်းကို သုံးလာနိုင်တဲ့အတွက် star topology ကို ပြောင်းလဲ အသုံးပြုလာခဲ့ပါတယ်။ မြင်ဖူးကြမှာပါ။ အပေါက်လေးတွေအများကြီးပါတဲ့ ပစ္စည်းတစ်ခုပါ။ အဲဒီအပေါက်လေးတစ်ခုစီကို ကွန်ပြူတာ တစ်လုံးစီက ထွက်တဲ့ကြိုးနဲ့ သွားချိတ်ပါတယ်။ ပြင်ပမှာမြင်ရတာကတော့ star ဖြစ်ပေမယ့် အတွင်းပိုင်းမှာ အမှန်တကယ်အလုပ်လုပ်နေတာက bus ပုံစံအတိုင်းဖြစ်ပါတယ်။ အဲဒါကိုတော့ အရင် ပို့စ်တွေမှာ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ကောက်ချက်ချမယ်ဆိုရင် အီသာနက်ဟာ logically bus ကိုသုံးတဲ့ နက်ဝက်ဖြစ်ပါတယ်။ ပြင်ပ physically အားဖြင့်တော့ bus ဖြစ်စေ star ဖြစ်စေ အတွင်းမှာ တကယ်အလုပ်လုပ်တာက bus ပဲ ဖြစ်ပါတယ်။ Hub ဆိုတဲ့ ပစ္စည်းဆိုတာကတော့ repeater များကို ပေါင်းစုထားတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီတော့ hub ထဲကို အပေါက်တစ်ပေါက်က ၀င်လာသမျှ ဒေတာတွေရဲ့ signal တွေကို repeat လုပ်ပြီး အခြားအပေါက်တွေဆီကို ပြန်ပို့ပေးတဲ့ အလုပ်ကိုပဲ လုပ်ပေးတာပါ။ repeat လုပ်တယ်ဆိုတာကတော့ signal ကို ပြန်ပြီးအားကောင်းအောင်လုပ်ပေးတဲ့ သဘောပါပဲ။
မနှစ်ကသင်ခန်းစာထဲမှာပါပါတယ်။ signal တွေ ပုံပျက်သွားတဲ့အကြောင်း။ အကျယ်တော့ ရှင်းမပြတော့ပါဘူး repeat လုပ်တယ်ဆိုတာ ပုံပျက်စ ပြုနေပြီဖြစ်တဲ့ signal တွေကို ပြန်ပြီးအားကောင်းအောင်လုပ်ပေးရုံသက်သက်ပါ။ နဂိုရှိရင်းထက်ပိုပြီး ထပ်ချဲ့ခြင်း amplify လုပ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။
ခုနကပြောထားတဲ့အတိုင်း ဒေတာတွေကို frame တွေခွဲပြီး ပို့ကြပါတယ်။ အဲလိုခွဲပြီး ပို့တဲ့အတွက် ပြဿနာနှစ်ခု ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ တစ်ခုကတော့ monopolize မောင်ပိုင်စီးတဲ့ ပြဿနာမရှိတော့ပါဘူး။ တကယ်လို့ ဒေတာ ပို့တဲ့အခါမှာ အပိုင်းလိုက်ခွဲမပို့ပဲ အကုန်လုံးအများကြီးကို frame ကြီးကြီးနဲ့ တခါတည်းပို့တယ်ဆိုပါစို့။ လမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဒေတာတွေ ပုံပျက်သွားနိုင်တယ်ဆိုတာ သိပြီးသားပါ။ တကယ်လို့များ ဒေတာတွေရဲ့ တစ်နေရာရာမှာ ပျက်စီးသွားမယ်ဆိုရင် နောက်တစ်ခါထပ်ပို့ retransmit လုပ်ပေးရပါမယ်။ အပိုင်းမခွဲပဲ အကုန်လုံးပို့ထားတာဖြစ်တဲ့အတွက် retranstmit လုပ်ရင်လည်း အကုန်လုံးအစအဆုံးကို ပြန်ပို့ရမှာပါ။ အပိုင်းသေးသေးလေးတွေ ခွဲပို့တာဖြစ်တဲ့အတွက် ပျက်တဲ့ အပိုင်းလောက်ကိုပဲ ပြန်ပို့ရမှာ ဖြစ်တဲ့ အတွက် တွက်ချေကိုက်ပါတယ်။ အဲဒီတော့ frame ခွဲပို့တဲ့ အတွက် retransmission လုပ်တဲ့နေရာမှာ efficient ပိုပြီးဖြစ်လာပါတယ်။
ဒေတာပို့တော့မယ်ဆိုရင် အဲဒီ frame ထဲမှာ Media Access Control Address ပါရပါတယ်။ ဒါကြောင့်လဲ MAC frame လို့ခေါ်ထားတာပါ။ ကိုယ်ပို့ချင်တဲ့ ကွန်ပြူတာနဲ့ ကိုယ့်ကွန်ပြူတာရဲ့ လိပ်စာ (sending and receiving MAC addresses) တွေပါ။ နောက်ထပ်ပြီး Preamble ဆိုတဲ့ 1,0 အလှည့်ကျလာတဲ့ frame ရဲ့ဦးခေါင်းပိုင်း ကိုယ်ပို့ချင်တဲ့ ဒေတာ၊ ကိုယ့်ဒေတာ လမ်းမှာ မပျက်မစီးပဲ ဟိုဘက်ကို မှန်မှန်ကန်ကန် ရောက်မရောက်စစ်ဆေးလို့ရအောင်ထည့်ပေးထားတဲ့ Cyclic Redundancy Check ဆိုတဲ့ bitတွေပါပါတယ်။
အီသာနက်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ကလည်း နည်းနည်းတော့ ခက်တယ်ဗျ။ ဘာကြောင့်လည်းဆိုတော့ နည်းပညာတွေက တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာတယ်မဟုတ်လား။ လက်ရှိ ရှိနေတဲ့ ခေတ်ကာလနဲ့ ကိုက်ညီတဲ့ ဖွင့်ဆိုချက်ကို ပြောရမယ်ဆိုရင်တော့ အခြေခံ bus ကို သုံးတယ်ဗျာ၊ နောက်ပြီး frame ပုံစံတူတယ်ဗျာ၊ access method တူတယ်ဗျာ..(CSMA/CD) ကိုသုံးကြတယ်ပေါ့။ ဒါဆိုရင်တော့ အီသာနက်လို့ ပြောလို့ရပါတယ်။ နောက်ဆုံးအဆင့်ပြောရမယ်ဆိုရင် အီသာနက်ရဲ့ frame ပုံစံပေါ်မူတည်ပြီးတော့ ဆုံးဖြတ်ကြတာပါပဲ။ frame ပုံစံကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

(၅)

အခု ကျွန်တော်ပြောနေတဲ့ အီသာနက်က နက်ဝက်တစ်ခုတည်းကိုပဲ ချိတ်တာဗျ။ နက်ဝက်တွေအများကြီးကို ချိတ်တဲ့ ပုံစံမျိုးမဟုတ်သေးဘူး။ တခါတလေကျတော့လည်း နက်ဝက်တစ်ခုတည်းနဲ့ အဆင်မပြေဘူးလေ။ စဉ်းစားကြည့်ရအောင်ဗျာ။ ဥပမာ အီသာနက် နက်ဝက်တစ်ခုထဲမှာ ကွန်ပြူတာ ဆယ်လုံးချိတ်တယ်ဆိုကြပါစို့။ ဒီကွန်ပြူတာ(၁၀) လုံးက ရှိနေတဲ့ မီဒီယာကို ခွဲဝေသုံးစွဲရတယ်လေ။ အရင်ကျွန်တော် shared transmission medium လို့ပြောခဲ့တယ်လေ။ ခွဲဝေသုံးစွဲတယ်ဆိုတာကလည်း သိတဲ့အတိုင်းပဲ တစ်ယောက်ပြီးမှတစ်ယောက်ပို့တဲ့ပုံစံလေ။ ဒါကြောင့် ကြိုးက 100Mbps နှုန်းနဲ့ ပို့နိုင်တယ် ဆိုရင် တစ်လုံးစီရဲ့ ပေးပို့နှုန်းက 10 Mbps ဖြစ်သွားမယ်လေ။ တကယ်လို့များ အဲဒီနက်ဝက်ထဲ အလုံးပေါင်း တစ်ရာလောက်များ ချိတ်မယ်ဆိုရင် တစ်လုံးစီရဲ့ ဒေတာပို့နုန်း ဘယ်လောက်များ ဖြစ်သွားလိမ့်မလဲ။ ဟုတ်ကဲ့…။ ဒေတာပို့နုန်းက 1Mbps ပဲရတော့မှာပေါ့။ ဒါက နက်ဝက် တစ်ခုတည်းမှာပဲ ကွန်ပြူတာတွေများများ ချိတ်ဖို့ကြိုးစားမယ်ဆိုရင် သူ့ရဲ့ ပေးပို့နှုန်း ကျသွားမယ်ပေါ့ဗျာ။ ဘိုလိုပြောရရင်တော့ performance ကျတယ်ပေါ့ဗျာ။
နောက်ပြီး ဒါကိုပဲ အခေါ်အဝေါ်တစ်မျိုးနဲ့ နောက်တစ်နည်းပြောသေးတယ်ဗျ။ အီသာနက်မှာ သုံးတာက CSMA/CD လေ..။မှတ်မိတယ်ဟုတ်။ အဲဒီနည်းကို သုံးတော့ ဒေတာတွေပြိုင်တူ ပို့မိပြီး collision ဖြစ်နိုင်တယ်မဟုတ်လားဗျ..။နက်ဝက်ထဲ ကွန်ပြူတာနည်းရင် collision ဖြစ်ဖို့ ရာခိုင်နှုန်းနည်းမယ်လေ။ ကွန်ပြူတာများရင်တော့ ရာခိုင်နှုန်းပိုများသပေါ့။ မကြာခဏတိုက်နေရင် ပို့တာကိုရပ်၊ စောင့်ပြီးပြန်ပို့ဆိုတဲ့ procedure ကြီးပဲ ထပ်ခါထပ်ခါ သွားနေရရင် မချောင်ဘူးလေ။ နောက်ပြီး အဲဒီ နက်ဝက်ကိုပဲ collision domain လို့ ဆိုပြန်တယ်။ ကွန်ပြူတာ ဆယ်လုံးရှိတယ်ဆိုတဲ့ နက်ဝက်ဟာ အဲဒီ ကွန်ပြူတာ ဆယ်လုံးအချင်းချင်းပဲ data collision ဖြစ်နိုင်တယ်ဆိုတဲ့ သဘောပေါ့ဗျာ။ ကွန်ပြူတာ များလာရင်တော့ အဲဒီ collision domain ကြီးလည်း ကြီးမားလာတာပေါ့။ များများ တိုက်ရင်မကောင်းဘူးနော်..။ များများ မတိုက်အောင်ဘာလုပ်မလဲဗျာ..။ အီသာနက် နက်ဝက်တစ်ခုထဲမှာ ကွန်ပြူတာ နည်းနည်းစီပဲ ချိတ်မယ်ပေါ့…။ ဟာ ဒါပေမယ့်ဗျာ.. ကိုယ်သုံးချင်တာက ကွန်ပြူတာတွေ အများကြီးဗျ။ အဲဒီတော့ ကွန်ပြူတာနည်းနည်းစီပဲ ချိတ်။ အဲဒီကွန်ပြူတာ နည်းနည်းစီ ချိတ်ထားတဲ့ အီသာနက်တွေကို bridge ဆိုတဲ့ ပစ္စည်းနဲ့ ပြန်ချိတ်ဗျာ..။ အဲဒီဆို data collision သိပ်မဖြစ်တော့ဘူးပေါ့ဗျာ..။ collision domain ကို သေးအောင်လုပ်ပေးလိုက်တယ်ပေါ့ဗျာ
အဲဒီတော့ bridge ဆိုတာ ဘယ်လို ပစ္စည်းမျိုးလဲ၊ ပြောပြမယ်လေ။ အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ အီသာနက် segment တွေကို ပိုင်းခြားပေးတဲ့ ပစ္စည်းတစ်ခုပေါ့။ collision domain ခွဲပေးတဲ့ ပစ္စည်းလို့ ဆိုမယ်ဗျာ။ ကဲဗျာ..စိတ်ထဲမှာ မြင်ယောင်ကြည့်လိုက်။ အီသာနက် နက်ဝက်နှစ်ခု ရှိတယ်ဗျာ။ တစ်ခုစီမှာ ကွန်ပြူတာ ဆယ်လုံးစီပါတယ်ပေါ့။ အီသာနက်ဆိုတော့ star or bus နည်းနဲ့ ချိတ်ထားတယ်လို့ ဆိုကြပါစို့။ အဲဒီ နက်ဝက်နှစ်ခု(network A နဲ့ network B) တို့ကိုတူတူတွဲသုံးချင်တာကိုး။ နက်ဝက်တစ်ခုတည်းမှာ အလုံးနှစ်ဆယ်လုံးထားရင်လဲ performance ကျမယ်လေ။ ဒီတော့ နက်ဝက်နှစ်ခုသီးသန့်စီချိတ်ပြီး အဲဒီနက်ဝက်နှစ်ခုကိုမှ ကြားထဲက bridge နဲ့ ကြားခံချိတ်လိုက်မယ်ဆိုရင် အဆင်ပြေသွားမယ်ပေါ့။ ဒါက သူ့ကို သုံးရတဲ့ ရည်ရွယ်ချက်လေ။
သူ့ရဲ့ အလုပ်လုပ်ပုံကိုလည်း ပြောပြပေးဦးမယ်။ နက်ဝက်ထဲမှာ သွားနေတဲ့ ဒေတာတွေဆိုတာ frame ပုံစံနဲ့ သွားပြီး သူတို့မှာ MAC address တွေပါတယ်လေ။ အဲ့ဒီ frame တွေကလည်း သွားနိုင်သလောက် အဆုံးထိရောက်အောင် သွားတယ်မဟုတ်လား။ ကြိုးရဲ့ အဆုံးထိရောက်အောင်သွားတယ်လေ။ အရင်တုန်းကတော့ကြိုးရဲ့ အဆုံးမှာ terminator ရှိတယ်လေ။ အခုတော့ bridge ဆီကို ရောက်လာတယ်ပေါ့။ အဲဒီကို ရောက်လာတယ်ဆိုရင် သူက နယ်ခြားစောင့် ပုလိပ်လို အလုပ်လုပ်တော့တာပဲ။ ပိုက်ဆံတောင်း…အာ ဟုတ်ဖူး..။ ရောက်လာတဲ့ frame ထဲက လိပ်စာ (MAC address) ကို စစ်ကြည့်လိုက်တယ်။ တကယ်လို့ ပို့ချင်တဲ့ လိပ်စာက ဟိုဘက်မှာ မဟုတ်ပဲ ဒီဘက်မှာပဲ ရှိတယ်ဆိုရင် အဲဒီ frame ကို ပေးမသွားဘူး။ frame ကို block လုပ်ထားတယ်ပေါ့ဗျာ။ တကယ်လို့ frame ထဲက လိပ်စာက ဟိုဘက်က လိပ်စာဆိုမှပဲ ပေးသွားတယ်ပေါ့ဗျာ။ အဲဒီတော့ ဒီဘက်အတွင်းမှာ ရှိတဲ့ ကွန်ပြူတာတွေကို ပို့ချင်တယ်ဆိုရင် ဒီဘက် segment ထဲမှာပဲ ကန့်သတ်ထားပြီး အခြားတဘက်ကို ပို့ချင်တယ်ဆိုမှ သာ bridge ကို ဖြတ်သန်းခွင့်ပေးတယ်ပေါ့။ ဟိုဘက်နဲ့ ဒီဘက်မှာ ဘယ်ကွန်ပြူတာတွေ ဘယ်(MAC address) တွေရှိရမယ်ဆိုတာကိုတော့ bridge က သိထားရမယ်လေ။ သူလုပ်တဲ့အလုပ်ကို filter လုပ်တယ်လို့လည်း ပြောလို့ရသေးတယ်ပေါ့။ filter ဆိုတာ ခွင့်ပြုထားတဲ့အရာတွေကိုပဲ စစ်ထုတ်ပြီး သွားခွင့်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။
Bridge ကိုသုံးလိုက်တဲ့ အတွက် အီသာနက် တစ်ခုစီဟာ အရွယ်အစားသေးသွားတဲ့ အတွက် အားသာချက်တွေရှိလာပါတယ်။ သိကြတဲ့အတိုင်း Bus ပုံစံနက်ဝက်တိုင်းမှာက ကြိုးတစ်နေရာမှာပြတ်ရင် နက်ဝက်တစ်ခုလုံး အလုပ်ဆက်လုပ်လို့မရတော့ဘူးလေ။ အခုတော့ နက်ဝက်ကြီး တစ်ခုမဟုတ်ပဲ နက်ဝက်လေးနှစ်ခုဆိုတော့ တစ်ခုဘက်မှာ ကြိုးပြတ်သွားမယ်ဆိုရင် ကျန်တဲ့ နက်ဝက်တစ်ဖက်မှာ အလုပ်ဆက်လုပ် ဒေတာအပို့အယူလုပ်လို့ရသေးတယ်လေ။ ဒါ့အပြင် နက်ဝက်ကြီးကြီးတစ်ခုလုံးကို လူတစ်ယောက်တည်းက စီမံခန့်ခွဲမယ့်အစား နက်ဝက်အသေးလေးတွေခွဲထားတဲ့ အတွက် တစ်ခုခုချွတ်ယွင်းရင်လဲ ဖြေရှင်းရပိုလွယ်ကူတာပေါ့။ အီသာနက် Bus ပုံစံနက်ဝက်မှာ ကြိုးတစ်နေရာ ပြတ်သွားရင် ဘာဖြစ်လို့များ နက်ဝက်တစ်ခုလုံးဆက်ပြီး အလုပ်လုပ်လို့ မရတာပါလိမ့်.?????

No comments:

Post a Comment