အဖွားက သူတို့ငယ်ငယ်ကအကြောင်းတွေပြောပြရင်သိပ်သဘောကျတယ်။
အခု ကိုယ့်အလှည့်ပေါ့။ ပြောရရင် ကျမတို့ငယ်ငယ်ကသိပ်ဆင်းရဲတယ်။ ကျမတို့ဆိုတော့ ဘယ်သူတွေပါသေးလည်းပေါ့။
ကျမနဲ့ခေတ်ပြိုင်အများစုကိုဆိုလိုတာပါ။ သမဆိုင်ကဆန်ကိုသာအားထားစားကြရတယ်။ ငစိန်ဆန်
တစ်ပြည် ၁ကျပ် ၉၅ ပြား၊ ဧည့်မထက တစ်ပြည် ၂ကျပ်၁၀ပြားထင်ပါရဲ့။ ငစိန်ကနီပြီးကြမ်းတယ်၊
ဧည့်မထကတော့ ငစိန်လောက်မဆိုးဘူး။ ကလေး လူကြီး ကျား မ အလိုက် ဆန်ကိုယ်တာရတယ်။ ကျမတို့အိမ်က
လူများတော့ တစ်လကို ၄၉ ပြည်လား ၅၉ ပြည်လားရတယ်။ တစ်ခါတလေပိုတယ်။ ပိုရင်ရောင်းစားလို့ရတယ်။
သမဆိုင်မှာ အမြတ်ပေးပြီးကောက်တဲ့အဒေါ်ကြီးတွေရှိတယ်။ ရေနံဆီလည်းရတယ်။ အဲဒီတုန်းကဆင်းရဲတယ်ဆိုပေမယ့်
အိမ်မှာ ကြမ်းတိုက်ရင် ရေနံဆီနဲ့တိုက်နိုင်တယ်။ ထမင်းဟင်းချက်ရင်လည်း ရေနံဆီမီးဖိုနဲ့ချက်တာ။
အခုခေတ်ကလေးတွေရေနံဆီမြင်ဘူးမယ်မထင်ဘူး။ ဆီလည်းသမဆိုင်ကဘဲ။ ဆပ်ပြာလည်းပေးတယ်။ အကောင်းဆုံးကတော့
ရွှေဝါပေါ့။ သပြေညိုဆိုတဲ့ မဲမဲကြီးတွေလည်းရတတ်တယ်။ တစ်ခါတလေ သရက်ထည်လုံချည်လေးတွေမဲဖောက်ပေးတတ်တယ်။
အမျိုးသားဝတ်ပုဆိုးကွက်ကြမ်းတွေလည်းမဲဖောက်ပေးလေ့ရှိတယ်။ သမဆိုင်က ထမီလေးတွေ ပုဆိုးလေးတွေမဲဖောက်ပေးတဲ့နေဆို မဲပေါက်သူအိမ်ကို
သွားပြီး အဆင်လေးတွေကိုကြည့်ကြတယ်။ တစ်ခါဆိုဘေးအိမ်က ဦးလေးကြီးက ပုဆိုးအနီရောင်ကွက်ကြမ်းကြီးတစ်ထည်မဲပေါက်လာတာကို
ကျမတို့အိမ်ကိုလာပြတယ်။ နောက်တစ်ရက် ကျမဈေးသွားတော့ (အဲဒီအချိန်မှာကျမက အတော်ငယ်သေးတယ်။
ဒါပေမယ့် ဈေးနဲ့အိမ်ကနီးတော့ လိုတာလေးတွေပြေးဝယ်ပေးရတာပေါ့။) ဦးလေးကြီးတစ်ယောက်က
ကျမကို သူ့လက်လေးကမ်းပေးတယ်။ ကျမက ပုပုလေးဆိုတော့ ဦးလေးကြီးရဲ့ပုဆိုးကိုဘဲအရင်မြင်တောပေါ့။
ပုဆိုးက မနေ့ကဘေးအိမ်က ဦးလေးကြီးမဲပေါက်လာတဲ့ပုဆိုးဘဲ။ ဒါနဲ့ကျမက မျက်နှာကိုတောင်မော့မကြည့်တော့ဘဲ
ဘေးအိမ်က ဦးလေးကြီးအမှတ်နဲ့ သူ့လက်လေးကိုပြန်ဆွဲပြီးလိုက်လာတာ။ ဈေးတန်းလေးထဲမှာပါဘဲ။
ခဏနေ ကျမမော့ကြည့်လိုက်တော့ ဘေးအိမ်ကဦလေးကြီးမှမဟုတ်ပါဘဲ။ ကျမတို့ရပ်ကွက်ထဲမှာ ဘာယာကြော်လှည့်ရောင်းတဲ့
ကုလားဦးလေးကြီးဖြစ်နေတာကိုး။ (ကုလားလို့မပြောရင် ဘယ်လိုပြောရမှန်းမသိလို့ ကုလားလို့ဘဲသုံးလိုက်ပါတယ်။)
သူကလည်းရိုးသားတဲ့သူပါ။ ရပ်ကွက်ထဲမှာလာရောင်းနေတာလည်းကြာပါပြီ။ ဘာရည်ရွယ်ချက်မှလည်းမရှိဘဲ
ကလေးချစ်တတ်တော့ကျမကို လမ်းသွားရင်းလက်ဆွဲခေါ်လာတဲ့သဘောပါ။ ကျမကတော့ ဘေးအိမ်က ဦးလေးကြီးထင်ရာကနေ
ဘယာကြော်ကုလားကြီးဖြစ်နေတော့ လက်ကိုဖြုတ်ပြီးပြေးတော့တာပေါ့။ (သမဆိုင်က ဒီလို ဆင်တူပုဆိုးတွေမဲဖောက်ပေးထားတာကိုး။)
No comments:
Post a Comment